သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ကျိုက်လတ်မြို့နယ်၊ ဝါးရုံစုကျေးရွာSolar Mini-Grid မီးလင်းရေးဖွင့်ပွဲ အခမ်းအနား တက်ရောက်

ကျိုက်လတ် ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ သူဌေးကုန်း၊ တာပြတ်နှင့် ဝါးရုံစုကျေးရွာ Mini Grid စီမံကိန်းဝန်း၌ယနေ့နံနက်ပိုင်းက ကျိုက်လတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက NEP စနစ်ဖြင့်ဆောင်ရွက်ခဲ့သည့် Solar Mini-Grid မီးလင်းရေးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတစ်နိုင်ငံကိုခေတ်မီဖွံ့ဖြိုးသောနိုင်ငံအဖြစ်တည်ဆောက်ရာတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် အထူးအရေးပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်၌ စွမ်းအင်သုံးစွဲမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာပေးသော အဓိကအညွှန်းကိန်း တစ်ခုလည်း ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းသည် လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေသည်သာမကပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ကိုထောက်ပံ့ပေးနိုင်ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းများပါ တစ်ပါတည်းရရှိလာစေမည် ဖြစ်ကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ယခုဖွင့်လှစ်သည့် သူဌေးကုန်း၊ တာပြတ်နှင့် ဝါးရုံစုကျေးရွာ Solar Mini-Grid မီးလင်းရေးကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာနေပြည်သူများနှင့် ZLT Super Electrical Co,Ltd တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း မဟာဓာတ်အား လိုင်းမရောက်နိုင်သောကျေးရွာများ၏ Solar Mini-Grid မီးလင်းရေးလုပ်ငန်းများကို ကျေးရွာပေါင်း (၇) ရွာက အိမ်ခြေ (၁၆၁၄) ခန့်ရှိ ပြည်သူများမှာ မကြာမီကာလအတွင်း လျှပ်စစ်မီး ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ZLT Super Electrical Co,Ltdမှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်လင်းထိုက်က ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းစုကျေးရွာအုပ်စု မီးလင်းရေးကော်မတီအဖွဲ့ဝင် ဦးမြင့်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယခု ကျိုက်လတ်မြို့နယ်၊ သူဌေးကုန်း၊ တာပြတ်၊ ဝါးရုံစုကျေးရွာ လျှပ်စစ်မီးလင်းရေးစီမံကိန်းကို ZLT Super Electrical Co,Ltd မှတာဝန်ယူတည်ဆောက်ခဲ့ပြီး ကျေးရွာရှိအိမ်ခြေ (၃၅၀) အိမ်ခန့် အကျိုးခံစားခွင့်ရရှိရန် မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ (၁၀၀) ခန့် ဓာတ်အားချိတ်ဆက် ရယူထားကြောင်းသိရသည်။

ထို့နောက် ဆိုလာ အသေးစားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်းအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အသေးစားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်း ကမ္ဗည်းမော်ကွန်း ကြေးပြားအားစက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာများ ပက်ဖြန်းခဲ့ပြီး ဆိုလာမီးလင်းရေး လုပ်ငန်းအားလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)