ဘိုကလေး ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၂၂)ရက်နေ့တွင် မြို့နယ်အောက်ပိုင်းဘောလုံး အားကစားကွင်း၌ စတင်ဖွင့်လှစ် ကျင်းပဆောင်ရွက်ခဲ့ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအား ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ (၂)ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးယှဉ်ပြိုင်ပွဲသို့ (က)အုပ်စုအဖြစ် ကြိမ်ချောင်းကြီးအသင်း၊ မြင်းကကုန်းအသင်း၊ ပိုက်စလအသင်း၊ ရွာသစ်အသင်း၊ မြိုမ(ခ)အသင်း၊ (ခ)အုပ်စုအဖြစ် ဘုရားချောင်းအသင်း၊ ဖိုးဒီကွဲအသင်း၊ ဒေါင့်ကြီးအသင်း၊ မြို့မ (က)အသင်း စုစုပေါင်း (၉)သင်းတို့ပါဝင် ယှဉ်ပြိုင်ကစားကြပြီး အုပ်စုပတ်လည်ပွဲများအား ဇန်နဝါရီ(၂၂)ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီ(၆)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ရာ အုပ်စု(က)၏ ပထမနေရာအား မြင်းကကုန်း အသင်း၊ ဒုတိယနေရာအား မြို့မ(ခ)အသင်း၊ အုပ်စု(ခ)၏ ပထမနေရာအား ဘုရားချောင်းအသင်း၊ ဒုတိယ နေရာအား မြို့မ(က)အသင်းတို့ ရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် အုပ်စု(က)နှင့် (ခ)တို့မှ ပထမ၊ဒုတိယနေရာ ရလဒ်ထွက်ပေါ်ခဲ့သည် အသင်း(၄)သင်းအနေဖြင့်အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ(၈)ရက်နေ့တွင် မြင်းကကုန်းအသင်းနှင့် မြို့မ(က)အသင်း၊ ဖေဖော်ဝါရီ(၉)ရက်နေ့တွင် မြို့မ(ခ)နှင့် ဘုရားချောင်းအသင်းတို့ အကြိုဗိုလ်လုပွဲများ ယှဉ်ပြိုင်သွားကြမည် ဖြစ်ပြီး ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် တတိယလုပွဲနှင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)