ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြု ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် မေးခိုင်ရောဂါ သုံးမျိုးစပ်ကာကွယ်ဆေး (DT)ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်    ဖေဖော်ဝါရီ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သေးသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့ နာ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် မေးခိုင်ရောဂါသုံးမျိုးစပ် ကာကွယ်ဆေး (DT)ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သေးသည့် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် မေးခိုင်ရောဂါဖြစ်ပွားခြင်းကို ကာလရှည်ကြာစွာ ကာကွယ်ပေးနိုင်ရန်၊ သုံးမျိုးစပ်ရောဂါကာကွယ်ဆေး (DT) ၏လွှမ်းခြုံမှုမြင့်မားစွာရရှိနိုင်ရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင်၊ အ.မ.က(ရှမ်းရွာသစ်)၊ အ.မ.က(မဲသမူး)၊ အ.မ.က(နတ်စင်ကုန်း)၊ အ.မ.က(ထီးကြားရာ) ကျောင်းများရှိ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော် သေးသည့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းအခြေပြုသုံးမျိုးစပ်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)