ငဖဲမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းဆင့် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်း က ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုး တက်စေရေး၊ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဥ်များ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက် ကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား/သူ (၂၇)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ၃ ဦးအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြသထားရှိသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့ဂုဏ်ပြုကဗျာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)