လိုင်လင်းပီ နိုဝင်ဘာ ၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများမှ သတ်မှတ်နေရာများနှင့် အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာ ရောက် စတင်မဲပေးခဲ့ကြသည်။
အဆိုပါ ရွေးကောက်ပွဲနေ့၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်း ဆောင်ရမည့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးမည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် သတ်မှတ်နေရာတွင် မဲပေးကြပြီး အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင် ပြည်သူများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးကြကာ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ (၁၆၈)ဦးရှိကြောင်းနှင့် ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ (၅)ရက်နေ့အထိ မဲပေးနိုင်ကြောင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လိုင်လင်းပီမြို့၌ မဲရုံ(၂)ရုံထားရှိသွားကြမည် ဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၆၆၁)ဦး ရှိကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်)