ငွေဆောင် ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ မြို့အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲမှုရှိမရှိ ကွင်းဆင်းစစ်ဆေးမှုအနေဖြင့် ယမန်နေ့နံနက် (၁၀း၀၀) နာရီကမီးသုံးစွဲမှုများပြားရာဟိုတယ်များ၊ တည်းခိုဆောင်များ၏ မီးသုံးစွဲမှု အခြေအနေများအား လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မီးသတ်ဦးစီးဌာန၊ တပ်ကြပ်ကြီးရင်မင်းစိုးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှူးဦးစီးဌာနဝန်ထမ်း (၁) ဦးနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များမှ ဟိုတယ်များ၏ မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှုရှိမရှိ လိုက်လံစစ်ဆေးကာ မီးမလောင်ခင် ၊ မီးလောင်နေစဥ်နှင့် မီးလောင်ပြီးလျှင် ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)