ပေါင်းတည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးဦးစည်သူဝင်းဦးစီး၍ တပ်ဖွဲ့ဝင်များအား တာဝန်ခွဲဝေကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရပ်ကွက်အတွင်းလူနေအိမ်များအပါအဝင် စက်ရုံ၊ အလုပ်ရုံများ၊ တည်းခိုခန်းများသို့ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးကြသည်။

ယခုပွင့်လင်းရာသီ ရောက်ရှိလာချိန်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်များဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ မီးသတိမူရေးဆော်သြခြင်း၊ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများအား စစ်ဆေးခြင်း၊ အသိပညာပေး လိုက်လံဟောပြောခြင်း၊ မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသပေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)