မြဝတီ ဖေဖော်ဝါရီ ၈
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ဦးစွာ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စွန့်ပစ်ပစ္စည်း စနစ်တကျစွန့်ပစ်ရေး အကြောင်းတို့ကို ရှင်းလင်းဟောပြောပေးသည်။
ဆက်လက်၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတို့ဖြင့် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး၊ အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)