ကျောက်တံခါး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် အခြေခံပညာမူလတန်း (လွန်) (ကြံဘို) ကျောင်းနှင့် အခြေခံပညာမူလတန်း (လွန်) (မှန်တမ်း) ကျောင်းတို့တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က ကျောင်းသား/ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝံ့ အသိပညာပေးရှင်းလင်းဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မိုးသူဇာက အား/ကာသိပ္ပံအကြောင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)