ဒီးမော့ဆို နိုဝင်ဘာ ၁
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲ ပေးအပ်နေမှု အခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့်အတူ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များလိုက်ပါ၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့ပေါ်ရှိ မြို့မရပ်ကွက်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုကျေးရွာအုပ်စုနှင့် သေးဆူလဲ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေမှုကို ကြည့်ရှုပြီး ယခု ကျင်းပသော အထွေထွေ ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော အချိန်ကာလ၌ ကျင်းပခြင်းဖြစ်သည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်အောင် စီစဉ် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ရှိ မြို့မကယန်း၊ မြို့မရှမ်း၊ ခေါ်ခုကယားနှင့် ခေါ်ခုရှမ်းရပ်ကွက်တို့တွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ ကြိုတင် ဆန္ဒမဲပေးနေမှုကို သွားရောက်ကြည့်ရှုခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အို (၅၇၇၀) ဦးရှိပြီး မဲဆန္ဒရှင် သက်ကြီးရွယ်အိုများအနေနှင့် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ လာရောက်ပေးနိုင်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)