ဇီးကုန်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သရက်တပင်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွေးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နီစိုးက သဘာဝဘေးအန္တရာယ်များ အကြောင်းကိုရှင်းလင်း၍ ဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်စီမံဆောင်ရွက်ရန်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)