တောင်တွင်းကြီး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဗိသာနိုးရှေ့ဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းရှိ သဲဖြူဆရာတော်(မဟာမြိုင်)ဘုရားကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် ကျင်းပပြုလုပ်မည့် ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ ကျင်းပမှု မပြုလုပ်မှီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခြင်း စသည့်တို့ကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ရှေ့ဟောင်းသမိုင်းဝင် ရွှေရောင်တော်စေတီတော်မြတ်ကြီးနှင့် ရှေ့ဟောင်းသမိုင်းဝင် ဗိသာနိုးသုတေသနပြတိုက်တို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစောမောင်ဦးဆောင်၍ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရှေ့ဟောင်းယဥ်ကျေးမှုနှင့်သုတေသနဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ရှေ့ဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားကြီးကျောင်းတိုက်အတွင်းရှိ အုတ်ရေကန်တို့အား သန့်ရှင်းရေးများပြုလုပ်ခြင်းနှင့် ဗိသာနိုးရှေ့ဟောင်းယဥ်ကျေးမှုပြတိုက်တို့အား မီးဘေးအန္တရာယ်လုံခြုံရေးများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဗိသာနိုးရှေ့ဟောင်းယဥ်ကျေးမှုနယ်မြေအတွင်း မီးလောင်မှု၊ မီးလန့်မှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်တို့အားကာကွယ်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ် (၁)စီးနှင့် တပ်ဖွဲ့ဝင် (၁+၃)ဦးတို့ဖြင့် မီးသတ်စခန်း(ယာယီ)ဖွင့်လှစ်ထားရှိခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)