မင်းဘူး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန်းရွှေစက်တော်ရာဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ၂၀၂၄ ခုနှစ်၊ မန်းရွှေစက်တော်ရာဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည့်လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်က ဗုဒ္ဓပူဇနိယပွဲတော်ကာလ ရပ်ဝေးရပ်နီးမှ ဘုရားလာရောက်ကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရှိရေးကိစ္စရပ်များ၊ ဘုရားပွဲတော်နယ်မြေအတွင်း သန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များနှင့် ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်/လမ်း ကြပ်တည်းမှုမဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပွဲတော်ကျင်းပရေးဦးစီးကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ကြမည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် မန်းရွှေစက်တော်ရာဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပွဲတော်ကျင်းပရေးဦးစီးကော်မတီအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိရာ ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်)နေ့တွင် ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)