ပဲခူး ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာသုံးပြုနိုင်ရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို စွမ်းဆောင်ရည်မြင့်မားလာစေဖို့ ဖြစ်ကြောင်း၊ သင်တန်းကရရှိတဲ့သဘောတရား၊ နည်းပညာ၊ ကျွမ်းကျင်မှုတို့ကို မိမိတို့ဒေသက ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြင့်မားစေဖို့၊ ဒေသနှင့်လိုက်လျောညီထွေသော အသစ်တီထွင်ဖန်တီးမှုများကိုလည်း ဖော်ဆောင်သွားဖို့လိုကြောင်း အမှာစကားပြောကြားပြီး ဖွင့်ပွဲသို့တက်ရောက်လာကြသည့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါသင်တန်းအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာရာမှတစ်ဆင့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများမြင့်မားလာကာ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုမှပိုမိုလက်ခံလာပြီး သူတို့အတွက်လိုအပ်တာတွေကို တောင်းဆိုလာတတ်တဲ့အထိ ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်ကာ ဖေဖော်ဝါရီလ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ (၃)ရက်ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်း သင်တန်းသား/သူ (၅၆)ဦး တက်ရောက်ကာ သင်တန်းဆရာများမှ ကျန်းမာရေးအသိပညာရပ်ဆိုင်ရာများ၊ လူအချင်းချင်းဆက်သွယ်ပြောဆိုခြင်းဆိုင်ရာများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)