သာယာဝတီ ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့အတွင်းရှိ သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာယာဝတီမြို့ပေါ်ရှိ ခရစ်ယာန်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ လူနေအိမ်များ၊ အလုပ်ရုံများတွင် မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ ရေသိုလှောင်ထားမှုအခြေအနေများ၊ ဂိုဒေါင်များတွင် ပစ္စည်းသိုလှောင်ထားမှု အခြေအနေများ၊ လောင်စာဆီသိုလှောင်မှု အခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှုအခြေအနေများ၊ လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူးအသုံးပြုနည်းများကိုလည်း မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်လတ်နှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)