ကဝ ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကံကုန်းကျေးရွာ အခြေခံပညာမူလတန်း (မူလွန်) ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမိုးဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကျောင်းသား/ ကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီအရာရှိ ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ပုံပြင်စာအုပ်များဖြင့် ပုံပြင်များပြောပြခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)