ပန်းတောင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်းတောင်း  ဖေဖော်ဝါရီ   ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၉)နာရီအချိန်က အ.မ.က(မကျည်းပင်ကွင်း)ကျောင်းနှင့် အ.မ.က(ဘင်္ဂ)ကျောင်းသို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ ပုံပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက  ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ကြစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာများများဖတ်ကြရန်၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အကောင်းအဆိုးခွဲခြားတတ်စေရန် စာပေများကြိုးစားဖတ်ရှုလေ့လာသင့်သည်ကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)