ပေါင်းတည် ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့မွန်းလွဲ ၁နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကြူတောကန်ကျေးရွာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ၊ လူကုန်ကူးနံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာရန် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာကြရန်နှင့် ကျောင်းအားလပ်ချိန်များတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းမွေးမြူ ကျင့်သုံးကြစေလိုကြောင်းပြောကြားကာ ရုပ်ပုံပါ စာအုပ်ဖြင့်စည်းလုံး ညီညာအောင်ကြောင်းဖြာ ပုံပြင်ဇာတ်လမ်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် ကုန်ညွှန်းအမှတ်အသားများ အကြောင်းတို့ကို နမူနာများနှင့်တကွ ရှင်းလင်းပြသ ဟောပြောခဲ့ကြကြောင်း သိရသည်။
ယင်းနောက် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ဆက်လက်ပြသပေးကြသည်။ အဆိုပါ ဟောပြောမှုနှင့်ပြပွဲကို ကျောင်းသား၊ ကျောင်းသူ ၅၄ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)