ပေါင်းတည် အ.ထ.က (မင်းကွက်) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို အ.ထ.က (မင်းကွက်)၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက လူငယ်ရေးရာအသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်၍ အသိပညာပြည့်စုံရန်လိုကြောင်း၊ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာကြရန် အထူးလိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရန်ကြိုးစားကျင့်ကြံ အားထုတ်ရမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးသည် လူငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အလွန်အန္တရာယ်ကြီးမားကြောင်းတို့ကို လူငယ်ရေးရာအသိပညာပေးများ ဟော​ပြောသည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးနိုင်ဝင်းသိန်းက စားသုံးသူများဆိုင်ရာအခွင့်အရေးနှင့် ကုန်ညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် အသုံးပြုရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများအကြောင်းတို့ကို လူငယ်များ သတိပြုမိစေရန် အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ဆက်လက်ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။ အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)