ပေါက်ခေါင်း ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပခဲ့သည်။
အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် လူငယ်များ၏ ရည်ရွယ်ချက်ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေး အထူးအလေးထားဂရုပြုရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ဝေးဝေးမှရှောင်ရှားကြရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။ ယင်းနောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မှတ်တမ်းနံရံကပ်စာစောင်များ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဗဟုသုတဖြစ်ဖွယ်စာအုပ်များ ပြသပေးရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)