အုတ်တွင်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး နည်းပညာပေး(T.O.T)သင်တန်းပို့ချ

အုတ်တွင်း  ဖေဖော်ဝါရီ  ၇

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်း ပို့ချခဲ့သည်။

ထိုသို့ နည်းပညာပေး (T.O.T)သင်တန်းပို့ချရာတွင် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးကိုယ်စား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်က နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး နည်းပညာပေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီက (T.O.T)သင်တန်း ဖွင့်ရသည့်အကြောင်းရင်း၊ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၂၉၃၂၁ ဧကအား ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးတောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန်၊ မိမိတို့မြို့နယ်၏ နွေစပါးအထွက်နှုန်းသည် ယခင်နှစ်ကထက် ပိုမိုထွက်ရှိလာကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ပန်းတိုင်အထွက်နှုန်းထက်ပိုမိုထွက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက မြေချဉ်/ငန်ဓာတ် တိုင်းကိရိယာ (Soil Survey Instrument) အသုံးပြုပုံကို ဆွေးနွေးတင်ပြသည်။ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်း က လက်ဆွဲကောက်စိုက်စက်နှင့် Drum Seeder များ အသုံးပြုပုံနှင့် အကျိုးသက်ရောက်မှုများအား ဆွေးနွေးပြောကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်စု (၁၈)အုပ်စုမှ တောင်သူ (၁၈၀)ဦးတက်ရောက်ကာ သိလိုသည်များ အပြန်အလှန်ဆွေးနွေးကြသည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် “စပါးမျိုးမှန် အပင်သန် ဆားရည်စိမ်၍ စိုက်ပျိုးရန်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်ဆွဲကောက်စိုက်စက်နှင့် Drum Seeder များ လှည့်လည်ကြည့်ရှုခြင်းနှင့် တောင်သူများအား စပါးဆားရည်စိမ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)