သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်​က သဲကုန်းမြို့ ရပ်ကွက် (၄)၊ ပေါက်တောရပ်၊ အခြေခံပညာမူလတန်းကျောင်း (ပေါက်တော) ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်အောင် ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ကျောင်းသူများအား လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီးရှောင်ရှားနိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသင့်ပါကြောင်း၊ ထို့အပြင် ကျောင်းသား/ သူများ အဆင်ပြေစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျလေ့လာမှတ်သားကြစေလိုကြာင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များခင်ကျင်း​​ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ​ဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများစာပေကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လည်း မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)