တွန်းဇံ ဖေဖော်ဝါရီ ၇
ချင်းပြည်နယ် တွန်းဇံမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမဆောင်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသား လူငယ်များ စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန် "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ(၂) နာရီအချိန်က ပြုလုပ်သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Grade-11 ကျောင်းသားများဖြစ်ကြသော မောင်လန့်ဆွင်းခွါလ်က "လူငယ်နှင့် ပညာရေး" မောင်ထန်လမ်းတုန်က "လူငယ်နှင့်ကျန်းမာရေး" မောင်မန်ထွန်းမုန်က "လူငယ်နှင့် အားကစား" မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်က "လူငယ်နှင့်မူးယစ်ဆေး" စသည့်ခေါင်းစဉ် များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်သူများကသိရှိလိုသည်များကို မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းသားများအတွက်နို့ဆီနှင့်သကြား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူ၊ မြို့နယ်တရားသူကြီးဦးဇော်ဖြိုးအောင်၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအောင်ဘူးနှင့် နည်းပြများ၊ ဝန်ထမ်းများနှင့် ကျောင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇိုဇွန်းပါလ်