ကျိုက်လတ် ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီက အမှတ်(၅)ရပ်ကွက်၊ ၁၂ ဖြတ်လမ်းနှင့်ဗိုလ်ချုပ်လမ်းထိပ်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ထံသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ (ခေတ္တ) ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းတို့က ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က မြို့နယ်ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ပြီး ကွန်ကရစ်လမ်း သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်သည် အရှည် ၁၅၅၈ ပေ၊ အကျယ် ၁၆ ပေ၊ ဒု ၆ လက်မဖြစ်ပြီး ငွေကျပ် ၇၀ ဒသမ ၈၆ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကန့်သတ်မှုမရှိသော တင်ဒါ (ငွေလုံးငွေရင်း ရန်ပုံငွေ) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်