မုံရွာ အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စံပြစိုက်ကွက်များအဖြစ် ခရိုင် (၁၁) ခုနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် (၃၀၇၅)ဧကကို စိုက်ပျိုးပြသနိုင်ရေး စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦး၏ ပြောကြား ချက် အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စံပြစိုက်ကွက်များအဖြစ် ဂျုံမျိုးကောင်းမျိုးသန့် (၁၁၀)ဧက၊ ပဲတီစိမ်း (၄၀)ဧက၊ စားတော်ပဲ (၁၄၅)ဧက၊ ပဲပုတ် (၁၈၅)ဧက၊ ပဲကြီး (၃၅)ဧက၊ စွန်တာပြာ(၂၀)ဧက၊ အစေ့ထုတ်ပြောင်း (၂၆၅)ဧက၊ ကုလားပဲ (၅၂၀)ဧက၊ မတ်ပဲ (၂၀)ဧက၊ မြေပဲ (၇၉၀) ဧက၊ နှမ်း(၄၂၅) ဧကနှင့် နေကြာ (၅၂၀)ဧက တို့ကို စိုက်ပျိုးပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
“တောင်သူတွေနဲ့ စိုက်ပျိုးရေး ဝန်ထမ်းတွေ ပူးပေါင်းပြီး စံပြစိုက်ကွက်တွေ ဖော်ဆောင် စိုက်ပျိုး ပြသသွားမှာ ဖြစ်ပါတယ်၊ တောင်သူတွေ အနေနဲ့ကလည်း စံပြစိုက်ကွက်တွေမှာ ကြည့်ပြီး သာမက စိုက်ပျိုးရေး ဝန်ထမ်းတွေ ဆီမှာလည်း လူကိုယ်တိုင် သွားရောက်တာပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် မိမိတို့စိုက်ပျိုးလိုတဲ့ သီးနှံမျိုးကောင်း မျိုးသန့်တွေရရှိဖို့၊ စိုက်ပျိုး နည်းစနစ် တွေကို လည်း မေးမြန်းနိုင်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စံပြစိုက်ခင်းများအဖြစ် စစ်ကိုင်းခရိုင်အတွင်း (၃၁၀)ဧက၊ မုံရွာခရိုင် အတွင်း(၃၀၀)ဧက၊ ယင်းမာပင် ခရိုင်အတွင်း(၃၄၅)ဧက၊ ရွှေဘိုခရိုင်အတွင်း (၃၄၀)ဧက၊ ကန့်ဘလူခရိုင် အတွင်း (၁၈၅)ဧက၊ ကသာခရိုင် အတွင်း (၃၆၅) ဧကအား လည်းကောင်း၊ ကောလင်းခရိုင်အတွင်း(၃၅၈)ဧက ၊ ကလေး ခရိုင်အတွင်း(၃၇၅)ဧက၊ မော်လိုက်ခရိုင် အတွင်း (၁၇၀)ဧက၊ တမူးခရိုင်အတွင်း(၁၉၅)ဧက၊ ခန္တီးခရိုင်အတွင်း ဧက (၉၀)နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၄၂) ဧက တို့အား စံပြစိုက်ခင်းများအဖြစ် တည်ထောင်စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)