ဘားအံ ဖေဖော်ဝါရီ ၇
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံးဖွင့်ပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)လှာကမြင်ဝန်ထမ်းအိမ်ရာစခန်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများကို ယခုလို တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ နောင်လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ဝန်ထမ်းအိမ်ရာများသာမက ပြည်သူများနေထိုင်မှု အဆင်ပြေစေရန်အတွက် ပြည်သူ့အငှားအိမ်ရာများကိုပါ မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကရင်ပြည်နယ်အတွင်း နေရာဒေသစုံတွင် စဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာ(၂)လုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယနေ့ဖွင့်လှစ်သည့် (၄)ခန်းတွဲ(၅)ထပ် RC ဝန်ထမ်းအိမ်ရာအဆောက်အဦ(၂)လုံးကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေ စုစုပေါင်းငွေကျပ်(၁၆၁၇)သန်းကျော်ဖြင့် ကွန်ကရစ်လမ်း(၈၁၅)ပေနှင့် ယာဉ်ရပ်နားရန်နေရာ(၁၉,၃၀၀)စတုရန်းပေတို့ ပါဝင်ပြီး Maw Pha Maw Kun Co.,Ltd နှင့် New Sate Tine Kya Co.,Ltd တို့မှ တာဝန်ယူတည်ဆောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဝန်ထမ်းအိမ်ရာ(၂)လုံးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာတတ်မြောက်ရေးလှုပ်ရှားများကို ဆောင်ရွက်နိုင်ရန် ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ စာသင်ဝိုင်းတစ်ဝိုင်းလျှင် ၁၀ ဦးနှုန်းခန့်ဖြင့် စာရင်းကောက်ယူ၍ စာသင်ဝိုင်းအရေအတွက်နှင့်တည်နေရာများအလိုက် သွားရောက်သင်ကြားပို့ချပေးရမည် ဖြစ်ကြောင်း၊ စာရင်းပြုစုခြင်းနှင့် သင်တန်းပို့ချခြင်းများကို ကြားကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စာမတတ်သူပပျောက်ရေးအတွက် အချိတ်အဆက်မိမိဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကာ လိုအပ်ချက်နှင့်အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်၊ ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှု အခြေအနေများ၊ မြို့နယ်များအလိုက် စာသင်သားနှင့်စာဖတ်ဝိုင်းစာရင်းပြုစုရေး၊ လိုအပ်သည့် သင်တန်းနည်းပြများရရှိရေး၊ ပုံနှိပ်စာအုပ်နှင့်စာရေးကိရိယာများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်ပညာရေးမှူးဦးစသိန်းကျော်က ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ နာရီ ၁၂၀ ပြည့်မီအောင်သင်ကြားနိုင်ရေး၊ နေရာဒေသရွေးချယ်ရေးနှင့် စာရင်းပြုစုနိုင်ရေး၊ စာတတ်မြောက်ရေးလုပ်ငန်းများ အမှန်တကယ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ သက်ဆိုင်ရာခရိုင်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)