သရက်ချောင်း ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ထားဝယ်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေးနှင့် သောင်တူးဖော်ခြင်းသောင်တူးဖော်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ (ဒုတိယအကြိမ်)လူထုတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကို CRE အကြံပေး ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ဥမ္မာထွေးနှင့် တာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ထားဝယ်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်စေရန် သောင်တူးဖော်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကို CRE အကြံပေး ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ဥမ္မာထွေးက အခမ်းအနားသို့တက်ရောက်လာသူများအား အများပြည်သူနှင့် ဆွေးနွေးညှိနှိုင်း သဘောထားရယူခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းရည်ရွယ်ချက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ နောက်ခံအချက်အလက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေခံအချက်အလက်များ ကွင်းဆင်းလေ့လာချက်များ၊ လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် သက်ရောက်မှု ရလဒ်များ၊ စီမံကိန်းနှင့် သတင်းအချက်အလက်အရင်းအမြစ်အပေါ် သဘောထားအမြင်များ၊ စီမံကိန်း၏ လျော့ပါးရေးအစီအမံများအပေါ် သဘောထားအမြင်၊ အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးခြင်းမှ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ ပထမအကြိမ် အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ခြင်းမှ အဓိကစိုးရိမ်ပူပန်မှုများ၊ ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများနှင့် လျော့ပါးရေးနည်းလမ်းများ၊ စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာရေးအစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက ထားဝယ်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်စေရန် သောင်တူးဖော်ခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)