သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့

သာသနာတော်နှစ် ၂၅၆၄ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခု ၃၀.၁၀.၂၀၂၀ စနေနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါသည်။ ဒီနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါသည်။

သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ဖြစ်ပေါ်လာပုံမှာ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ မယ်တော်ခြစ်ခဲ့ဘူးသော သန္တုဿီတနတ်သားကို အကြောင်းပြု၍ နတ်ဒေဝါ အပေါင်းတို့အား ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာ ခုနှစ်ကျမ်းကို ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်၌ ပဝါရဏာပြု၍ လူပြည်သို့ ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူလာရာ လက်ယာဘက်တွင် ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံ လိုက်ပါပြီး လက်ဝဲဘက်တွင် ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။

ထိုသို့ နတ်ဗြဟ္မာတို့ ခြံရံပြီး ကြွတော်မူလာသည့် မြတ်စွာဘုရားရှင်၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြ ရသောအခါ ၃၆ ယူဇနာအတွင်း၌ရှိသော ပရိတ်သတ်အားလုံးပင် ဘုရားရှင်အား ဖူး၍မဝနိုင်အောင် ဖြစ်ရချေသည်။ မြတ်စွာဘုရားရှင်အား ဖူးမျှော်ရန် စောင့်နေကြသော လူအပေါင်းတို့ တောင်းပန်ကြသဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားရှင်အား မည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့ ဆင်းသက်လာမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါဘုရားအား ဖူးမျှော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာ သွားသကဲ့သို့ လာကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်ရွယ်၍ ထိုနေ့၌ ဥပုသ်သတင်း ဆောက်တည်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရားရှင်သည် လူ့ပြည်သို့ မဆင်းသက်မှီ တာဝတိံသာနတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ခုလုံး ဟင်းလင်းပြင် ဖြစ်သွားလေသည်။ ဘုရားရှင်၏ လောကဝိဝရဏ တန်ခိုး တော်ကြောင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦး ထင်ရှားစွာ မြင်တွေ့ကြရသည်။ သီတင်းကျွတ် လပြည့်နေ့သည် ဝါတွင်သုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့ လွတ်လွတ် ကျွတ်ကျွတ် သီတင်းသုံးနိုင်ကြလေသည်။

တနည်းအားဖြင့် ရဟန်းသံဃာတော်များ ဝါမှထသောနေ့၊ ပဝါရဏာပြုကြသောနေ့၊ မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီး အောင်မြင်စွာ ပြီးဆုံးသောနေ့ အဘိဓမ္မာအခါတော်နေ့ဟု ခေါ်တွင်ကြသောနေ့ မြတ်စွာဘုရားရှင် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့ ဗြဟ္မာနတ်လူအပေါင်းတို့က မြတ်စွာဘုရားရှင်အား အတူတကွ ဖူးမျှော်ပူဇော်ကြသောနေ့  လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာ တစ်ဝှမ်းလုံး ထိုးလျှိုပေါက် မြင်ရသောနေ့ ထိုကဲ့သို့ဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ထူးနေ့မြတ်သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ပင် ဖြစ်ပါတော့သည်။

ဇေယျာထက် (မင်းဘူး)