ပခုက္ကူ ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အသိပညာပေးနွေးဆွေးပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက နိုင်ငံဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို စနစ်တကျလိုက်နာပြီး အများပြည်သူလူထု၏ တုံ့ပြန်ချက်များအပေါ် ဝန်ဆောင်မှုလုပ်ငန်းအစီအစဉ်များကို အလေးထားဆောင်ရွက်ရေး၊ မိမိဌာနလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်အကဲဖြတ် သုံးသပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရေးအကြောင်းကိုလည်းကောင်း၊ ခရိုင်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ ခရိုင်ဥပဒေအရာရှိ ဦးမျိုးမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)