အထက်မင်းလှ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မယ်ဇလီတော အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မယ်ဇလီတော အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လူကုန်မှုအန္တရာယ်အကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မင်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဇာခြည်က လူငယ်နှင့်အားကစားအကြောင်း အသိပညာဟောပြောခဲ့ပြီး ဘောလုံး၊ ခြင်းလုံးနှင့် ပိုက်တို့ကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးစစ်သား အသုံးမပြုရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)