မင်းဘူး(စကု)မြို့နယ်၌ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်လှစ်ပို့ချ

မင်းဘူး ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၈) စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုလယ်ယာစနစ် ဖော်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ စက်မှုလယ်ယာစခန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် လယ်ယာလုပ်ငန်းဟာ နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှသာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းတာဝန်များကို အမျိုးသားရေးရည်မှန်းချက်တာဝန်အဖြစ် အကောင်အထည်ဖော် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖြစ် လူတန်းစားအလွှာအသီးသီး၏ လိုအပ်ချက်နှင့် လက်တွေ့အခက်အခဲများကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန် မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလယ်ယာစနစ်ကျ လယ်မြေများကို စံနမူနာပြအဖြစ်ဖော်ထုတ်ပြီး စက်မှုလယ်ယာစနစ် ဖော်ဆောင်မှုအထောက်အကူဖြစ်စေရန်နှင့် တောင်သူများ စက်မှုလယ်ယာအသိပညာ၊ အတတ်ပညာများသိရှိနာလည်ပြီး လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်ထိန်းသိမ်းတတ်စေရန်အတွက် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်၍ တောင်သူများ၏ သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား တောင်သူများအနေဖြင့် နိုင်ငံတော်ရဲ့ စက်မှုလယ်ယာကူးပြောင်းရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သင်တန်းမှပို့ချသင်ကြားပေးမည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်းပညာများကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်သည်အထိ ကြိုးစားလေ့လာသင်ယူသွားကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မွန်က သင်တန်းအတွက် အထောက်အကူပြုပစ္စည်းများကိုပေးအပ်ရာ သင်တန်းကိုယ်စားလှယ်တစ်ဦးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မွန်၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်မှုလယ်ယာဦးစီးဌာနမှ ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာများနှင့် သင်တန်းအထောက်အကူပြု ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းကို မြို့နယ်အတွင်းရှိ  ဒေသခံတောင်သူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်းသိရကာ သင်တန်းတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး  ဦးရဲမင်းထွဋ်၏ ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဝန်ထမ်းများအဖွဲ့က ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၂)ပတ်ကြာစာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)