အောင်လံ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားကုန်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က မြို့နယ်အတွင်း အငြိမ်းဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့ပေါ်(၉)ရပ်ကွက်ရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကုလားပဲတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ဆီးချို၊ သွေးတိုးရောဂါရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကာ ကိုဗစ်ကာကွယ်ဆေး ၆ လကျော် ထိုးနှံပြီးသည့် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး Pfizer အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)