ဓနုဖြူ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင် ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးမှု အခြေအနေကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးသော ပြည်သူများနှင့် ဝန်ထမ်းများ စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ သည်။
ဓနုဖြူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲများလာရောက်ပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)