ငဖဲမြို့နယ် ကံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ငဖဲ ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ကံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သိကောင်းစရာများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားဖို့အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ငါးသုံးကောင်ပုံပြင်ကို အသိပညာပေးပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်သန္တာအောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ကျောင်းသား၊ ကျောင်းသူလေးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)