ကသာမြို့တွင် ဆင်းဧကရီ-၃ R-S စပါးမျိုးသန့်စင်၍ တောင်သူများထံ မျိုးအဖြစ်ဖြန့်ဖြူးရောင်းချပေး

ကသာ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့သန့်စင်စက်ကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ စတင်၍ မျိုးစေ့သန့်စင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ဆင်းဧကရီ-၃ R-S စပါးမျိုးတင်း ၂၀၀ ခန့်နှင့် C-S စပါးမျိုးတင်း ၅၀၀ ခန့်သန့်စင်၍ တောင်သူများထံသို့ မျိုးစပါး အဖြစ် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆင်းဧကရီ-၃ R-S စပါးမျိုးတင်း ၂၂၅ တင်းခန့်နှင့် C-S စပါးမျိုးတင်း ၆၀၀ တင်းခန့်မျိုးစေ့သန့်စင်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်အမီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧက ၃၈၄၉၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းမှာ ၈၁ ဒသမ ၇၆ တင်းနှုန်းဖြင့် ၃၁၄၇၂၇၉ တင်းခန့်ထွက်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသော ဆင်းဧကရီ-၃ စပါးမျိုးသည် အထွက်နှုန်းကောင်း၍ တောင်သူများကြိုက်နှစ်သက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်း ၅၀ ဧကမှ ၁၀၀ ဧကခန့်အထိ စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းနှင့် မျိုးစေ့သန့်စင်စက်မှာ တစ်နာရီလျှင် ၁၀၀ တင်းခန့် သန့်စင်နိုင်ပါကြောင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။

ရဲလင်းထွန်း(ကသာ)