ခန္တီးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် စာအုပ်၊ စာပေများအား ပိုမိုလေ့လာဖတ်ရှုကြရန် ဟောပြောခဲ့ကာ ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ပုံပြင်ပြော/ ကဗျာရွတ်ဆို/ စာဖတ်စွမ်းရည် ပြိုင်ပွဲများအား ဆက်လက်၍ ကျင်းပပြုလုပ်ရာ ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် (၁၅)ဉီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် (၁၅)ဉီး စုစုပေါင်း ကျောင်းသား/ သူလေးများ (၃၀)ဉီးက မိမိကြိုက်နှစ်သက်ရာ ပုံပြင်၊ ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စာဖတ်စွမ်း ရည်ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူလေးများ(၁၅)ဉီးက မိမိကြိုက်နှစ်သက်ရာ စာအုပ်ဖြင့် စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်ဝင်းနုနှင့် သက်ဆိုင်ရာ ဆရာ/မများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)