နတ်မောက်မြို့နယ် န/ကျားထူး- န/လက်ခုပ်ပင်- န/ဂွေးချိုလမ်းရှိ ကိုယ့်အားကိုယ်ကိုး ရေကျော်တံတား ရာနှုန်းပြည့် ပြီးစီး

နတ်မောက်  ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/ကျားထူး- ကြူအိုင်- န/လက်ခုပ်ပင်- န/ဂွေးချိုလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အရှည် ၄-မိုင် ၄-ဖာလုံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၈ဒဿမ ၄၇)သန်းဖြင့် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းသည် ဖောက်လုပ်ပြီးစီးခဲ့သည့်ကာလ (၅)နှစ်ခန့်ရှိပြီဖြစ်၍ လမ်းပုခုံးမြေသားများ ပျက်စီးခြင်း၊ လမ်းလယ်တွင် ကျင်းချိုင့်များဖြစ်ပေါ်နေခြင်း၊ ရေစီးဆင်းသော ရိုးချောင်းငယ်များတွင် နွားလှည်း၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ သွားလာမှုခက်ခဲအောင် ပျက်စီးလျက်ရှိကြောင်း ဒေသခံများက ပြောကြား၍ သိရှိရသည်။ ဖော်ပြပါလမ်းတွင် ရေကျော်(၁၈ ဒဿမ ၂၉)မီတာ (၁)စင်းနှင့် (၃၆ဒဿမ ၅၈)မီတာ (၁)စင်းတို့ကို ၂၀၂၀-၂၀၂၁ ခုနှစ်က ခွင့်ပြုရန်ပုံငွေကျပ် (၅၄.၀၀)သန်းဖြင့် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာနက တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။ န/ကျားထူး-ကြူအိုင်- န/လက်ခုပ်ပင်-န/ဂွေးချို လမ်းပိုင်းတွင် ယင်းကဲ့သို့ ရေကျော်(၂)ခုတည်ဆောက်ပေးခဲ့သော်လည်း န/ဂွေးချိုရွာသို့ သွားသည့်လမ်းပိုင်း(န/လက်ခုပ်ပင်မယ်ရေးဘုရားဝိုင်းအရှေ့ဘက်)တွင် ပေဒုံးဆည်မှ ကျသည့်ရေများ၊ ရွာရေများတိုက်စားမှုကြောင့် လူတိရစ္ဆာန်နှင့် ယာဉ်မျိုးစုံသွားလာရေး ခက်ခဲလျက်ရှိရာ အဆိုပါ ရိုးချောင်းတွင် အရှည်(၂၄)ပေ၊ အကျယ်(၁၈)ပေရှိ သံကူကွန်ကရစ်ရေကျော်ကို မယ်ရေးဘုရားဝိုင်း ကျောင်းထိုင်ဆရာတော်မှ စေတနာရှင်အလှူရှင်များ၏ ငွေအား/လုပ်အား လှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့ရာ ငွေကျပ်သိန်း (၆၀)ခန့် ကုန်ကျခဲ့ပြီး ၂၀၂၄-ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ရေကျော်တည်ဆောက်ပေးသဖြင့် ယာဉ်မျိုးစုံနှင့် ရွာသူရွာသားများ သွားလာရေးအဆင်ပြေလျက်ရှိလာမည်ဖြစ်ကြောင်းကိုလည်း ဦးဇင်းကျော်ကျော်မှ ပြောပြခဲ့ကြောင်း သိရှိရသည်။

မူမူစန်း