မင်းဘူး(စကု)မြို့နယ်၌ ပဲစင်းငုံများ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူတို့ အဆင်ပြေလျက်ရှိ

မင်းဘူး ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပဲစင်းငုံများ ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပဲစင်းငုံသီးနှံများကို မင်းဘူးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ပက်ပယ်၊ ရေငံ၊ မကျီးသုံးပင်၊ မုန်တောင်၊ ကျွန်းပြား၊ မောင်းမကန်၊ ရွှေချောင်း၊ ရှမ်းတပ်စသော ကျေးရွာများနှင့် မန်းကျိုး၊ သနပ္ပင်စု၊ ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း ကျေးရွာများကလည်း စိုက်ပျိုးလျက်ရှိကာ မင်းဘူး(စကု)တစ်မြို့နယ်လုံး ၄၃၁၉ ဧက စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲစင်းငုံဈေးမှာ တစ်တင်းလျှင် ကျပ် ၁၁၁,၀၀၀ ဈေးရရှိသည့်အပြင် စရိတ်စကသက်သာပြီး အရွက်များကို နွားစာ၊ ပင်စည်ကို ထင်းအဖြစ် အသုံးပြုနိုင်သောကြောင့် စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြကြောင်း မောင်းမကန်ကျေးရွာ ပဲစင်းငုံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)