စေတုတ္တရာ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း(မထိမ်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်နှင့် အောင်မြင်ခြင်း ခေါင်းစဉ်ဖြင့် လူငယ်များအောင်မြင်စေရန်အတွက် လိုအပ်သော ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတို့ပြည့်စုံရန် ဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးလင်းက “အားကစား”ဆိုတာ အင်အားနဲ့ ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်၍ ကျောင်းသား/ကျောင်းသူ လူငယ်များ အားကစားကို လေ့ကျင့်အသုံးချစေရန် အားကစားသင်တန်းများ ဖွင့်လှစ်ပေးမှုတို့အား အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြို့နယ်ပညာရေးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ဌေးက လူငယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် ပညာရေးဆောင်ရွက်မှုတို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးက အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာ အ.လ.က(မထိမ်း) ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာပေဆိုင်ရာ ဆောင်ပုဒ်များပြသပေးခြင်းဆောင်ရွက်ရာ အ.လ.က(မထိမ်း)ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ကြည့်ရှုလေ့လာကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)