အရာ​တော်မြို့နယ်တွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ​ပေး​နေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

အရာ​တော်    ​အောက်တိုဘာ    ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာ​တော်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ အသက် (၆၀) နှစ်နှင့် အထက်ရှိသော မဲဆန္ဒရှင်ပြည်သူများ အဆင်​ပြေစွာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ​ဆောင်ရွက်ထားရှိမှုများနှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများလာ​ရောက်​ပေးနေမှု အခြေအနေ များကိုမြို့နယ်​ရွေး​ကောက်ပွဲဆိုင်ရာ လုံခြုံ​ရေးစီမံခန့်ခွဲမှု​ကော်မတီ ဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ရဲမှူးရဲလွင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့​ပေါ်ရပ်ကွက် ၃ ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ​ကျေးရွာများရှိ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေသည့် အ သက်(၆၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များနှင့် ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက် ကောက်ယူနေမှု အခြေအနေများနှင့် ပတ်သက်၍ အဆင်ပြေမှုရှိစေရေး၊ မှန်ကန်မှုရှိစေရန်နှင့် ကြိုတင် ဆန္ဒမဲပုံးများ လုံခြုံမှုရှိစေရေးအတွက်  ဂရုပြု​ဆောင်ရွက်ရန် ကြီးကြပ်​စစ်​ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကြိုတင်ဆန္ဒမဲ​ပေးနိုင်ရန်နှင့် ကျန်းမာ​ရေး မ​ကောင်း၍ မဲရုံသို့မလာ​ရောက်နိုင်သည့် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား အိမ်တိုင်ရာရောက် ကောက်ယူမှုကို အောက်တိုဘာလ ၂၉ ရက်နေ့မှ  စတင် ၍  နိုဝင်ဘာလ ၅ ရက်နေ့အထိသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအနက် ကြိုတင်ဆန္ဒမဲပေးပြီးသူ စုစုပေါင်း (၈၂၉၈) ဦးရှိပြီး အရာ​တော်တစ်မြို့နယ်လုံး အနေဖြင့် အသက် ၆၀နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၂၅၁၂) ဦးအထိရှိ ကြောင်း  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ  သိရသည်။

နွယ်နီမြင့်(ပြန်/ဆက်)