မကွေး ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးနှင့် Max Energy စက်သုံးဆီဆိုင်သို့ သွားရောက်၍ မီးဘေးအန္တရာယ်စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးသန်းနိုင်၊ မကွေးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသူနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများ စနစ်တကျသုံးစွဲမှုရှိ/မရှိ၊ မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်းရှိ/မရှိ၊ မီးငြိမ်းသတ်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များ ကောင်းမွန်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အလားတူ Max Energy စက်သုံးဆီ အရောင်းဆိုင်တွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)