ငဖဲ ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေးအထူးဂရုစိုက်ကြရန်၊ နွေစပါးနှင့်နွေနှမ်းသီးနှံများ ယခုလကုန်အပြီးစိုက်ပျိုးရန်နှင့် နွေသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဝိုင်းဝန်းဆောင်ရွက်ရန်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးဆောင်ရွက်ရန်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် သီးနှံစိုက်ပျိုးစရိတ်ကြွေးကျန်များ အချိန်မီပေးဆပ်ရန်၊ တောင်ပေါ်ဒေသတွင်ကော်ဖီစိုက်ပျိုးရန် လျာထားဧကပြည့်မီရေးဆောင်ရွက်ရန်၊ တောင်ပေါ်ဒေသ မြေလွတ်မြေရိုင်းမြေများတွင် ကော်ဖီစိုက်ပျိုးခွင့်လျှောက်ထားရေး၊ ရေခွန်ကြွေးကျန်များ အပြေအကြေရရှိရေး၊ နိုင်ငံ့စီးပွားရန်ပုံငွေမှ ချေးယူထားသူများ အတိုးပေးဆပ်ရန်၊ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဝန်ထမ်းနှင့်မိသားစုများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ သက်ဆိုင်ရာလုပ်ငန်းများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ဒေသဖွံ့ဖြိုးရေးနှင့်ရေရရှိရေးတို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာဌာနများနှင့် ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)