ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၇

ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းများ  ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ထားရှိရန် စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ဒေသခံပြည်သူများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး လူနေအိမ်များတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ကုန်းဇောင်းနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပွင့်လင်းရာသီကာလ မီးလောင်မှုနှင့် မီးလန့်မှု ဖြစ်စဉ်များ လျော့နည်းကျဆင်းစေရေး ကြိုတင် ကာကွယ်ရမည့် မီးဘေးလုံခြုံရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး နေအိမ်များ၌ မီးဘေးလုံခြုံစိတ်ရမှုရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ပွင့်လင်းရာသီကာလ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု/မီးလန့်မှု ဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဥပဒေပုဒ်မ ၁၆ (က)အရ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောကြားသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )