မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား ၅၀၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား ၅၀၀ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းဘူးမြို့၊ ဦးဩဘာသခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သက်ရှည်ကျန်းမာစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်း၊ စားသောက်ရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကိုယ်စား အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားဦးရေ ၅၀၀ ဦးအတွက် ငွေကျပ် ၅၉၂၅၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ကုလားပဲ အခြေခံစားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို အာဟာရဖြည့်စွက်စာများဖြစ်သည့် နွားနို့နှင့် ကြက်ဥပြုတ်များကို ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ယင်းနောက် မင်းဘူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စာများကို အခမဲ့ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးကုသမှုများနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခြင်း၊ အသက်(၅၀)နှစ်အထက်ရှိသူများကို ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံ့ဝန်ထမ်း ပင်စင်စား ၅၀၀ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးနှင့် အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းပင်စားများ ၊ စုစုပေါင်းဦးရေ ၅၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)