မကွေးတက္ကသိုလ်၌ လူငယ်များဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ကျင်းပ

မကွေး ဖေဖော်ဝါရီ ၆

လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ရက်နေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဘက်စုံသုံးခန်းမ၌ ကျင်းပရာ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဗလငါးတန်သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် “မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံ၍ ကိုယ်ရည်ကိုယ်သွေး ဖွံဖြိုးတိုးတက်စေရန်၊ လူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်စေရန်၊ ပညာရေးကို အခြေခံပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန်၊ ဗဟုသုတပြည့်စုံမှုနှင့် ကျွမ်းကျင်မှုရှိသော ခံယူချက်ကောင်းမွန်သော ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်စေရန် အဓိကထားပြီး ယခုလို လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကို ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်များအနေဖြင့် အချင်းချင်း တွေ့ဆုံကြပြီး ဗလငါးတန်ပါ ခေါင်းစဉ်များအလိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြပြီး နောက်ဆုံးအဆင့် တန်ဖိုးကြီးမားတဲ့ ကဏ္ဍအလိုက် စာတမ်းများဖတ်ကြားတင်ပြကြကာ ယခုလို လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကြီးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးရဲ့ အနာဂတ်ကို အလှပဆုံး အတောက်ပဆုံး ထုဆစ်ပုံဖော်ပေးနိုင်မဲ့ စွမ်းရည်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရန် ကြိုးစားကြစေလိုကြောင်း” ပြောကြားသည်၊၊

ထို့နောက် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်အတွင်း လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ဆွေးနွေးပွဲများ၊ အားကစားလှုပ်ရှားမှုများ၊ ပြခန်းလှုပ်ရှားမှုများနှင့် ဖျော်ဖြေရေးအစီအစဉ်များကို  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်များဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်တွင် ဗလငါးတန်ဆိုင်ရာ အားကစား လှုပ်ရှားမှုများအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲ၊ ဘတ်စကက် ဘောဂိုးသွင်းပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည်သုံးမျိုးဖြစ်သည့် အိပ်ထမတင်၊ ဒိုက်ထိုး၊ ရပ်လျက်အလျားခုန် ပြိုင်ပွဲများ၊ ဗလငါးတန်ဆိုင်ရာ ဆွေးနွေးပွဲများအဖြစ် ကာလဗလကဏ္ဍ၊ ဉာဏဗလကဏ္ဍ၊ စာရိတ္တဗလကဏ္ဍ၊ မိတ္တဗလကဏ္ဍ၊ ဘောဂဗလကဏ္ဍဆိုင်ရာ လူငယ်ကိုယ်စားလှယ်တစ်ဦးစီမှ စာတမ်းဖတ်ကြားခြင်း၊ ဗလငါးတန်ဆိုင်ရာပြခန်းလှုပ်ရှားမှုများအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနပြခန်း၊ မကွေးတက္ကသိုလ်ပြခန်း၊ မကွေးပညာရေးဒီဂရီကောလိပ်ပြခန်း၊ ကျန်းမာရေးပြခန်း၊ ကြက်ခြေနီပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်း၊ MSME ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့်  ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ