မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော် ဒုတိယနေ့စာတမ်းဖတ်ပွဲနှင့် ညစာစားပွဲအခမ်းအနားတက်ရောက်

မကွေး     ဖေဖော်ဝါရီ      ၆

လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော် ဒုတိယနေ့စာတမ်းဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်လူရည်မွန် သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်များအနေဖြင့် အချင်းချင်းတွေ့ဆုံကြပြီး ဗလငါးတန်ပါခေါင်းစဉ်များအလိုက် ပွင့်လင်းမြင်သာစွာဆွေးနွေးကြပြီး နောက်ဆုံးအဆင့် တန်ဖိုးကြီးမားတဲ့ ကဏ္ဍအလိုက် စာတမ်းများ ဖတ်ကြားတင်ပြကြကာ ယခုလို လူငယ်များဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကြီးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးရဲ့ အနာဂတ်ကို အလှပဆုံးအတောက်ပဆုံး ထုဆစ်ပုံဖော်ပေးနိုင်မဲ့ စွမ်းရည်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်၊၊

ထို့နောက် လူငယ်ကိုယ်စားလှယ်များက ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့်တို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် စာတမ်းဖတ်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက  ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် လူငယ်များဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်အထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ဆုရရှိသူများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးစီးပြိုင်ပွဲတို့တွင် ဆုရရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဗလငါးတန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည်   တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ ဂုဏ်ပြုညစာအား အတူတစ်ကွသုံးဆောင်ကာ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် လူငယ်များဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်တွင်ပါဝင်ခဲ့ကြသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူများသည် ယနေ့နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်မှ မိမိတို့သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ထွက်ခွာကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများက နံနက်စာ စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခဲ့ပြီး ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကို ကျောင်းသားကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေပြီး စာပေနှင့်အနုပညာစွမ်းအား၊ အားကစားတို့ဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ (၂)ရက်ကြာ မကွေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

မောင်ညီညာ