ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ကြိုတင်မဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး

ကော့သောင်း အောက်တိုဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများအား  ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်လေး နှင့်အဖွဲ့ဝင်များက ကော့သောင်း မြို့ပေါ် ရပ်ကွက်များ နှင့်  ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်မဲပေးကြမည့် မဲရုံများတွင် အသက်ခြောက်ဆယ်နှင့် အထက် ပြည်သူများ ကြိုတင် မဲပေးနေမှုအခြေအနေများ အားလိုက်လံ ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ဆောင်ရွက်လျှက်ရှိသည့်သတ်မှတ် မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်မှုရှိမရှိ၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့်သူများအနေဖြင့် ရောဂါပိုးကူးစက် မခံရရေးစည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်မှု ရှိမရှိ ၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေ  ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရွက်ကြရန် ကြည့်ရှုစစ်ဆေး အကြံပြု လမ်းညွှန်မှာကြားခဲ့သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) စုနှင့် မဲဆန္ဒရှင်စုစုပေါင်း (၁၁၂၆၀၃)ဦးရှိရာ မဲရုံပေါင်း(၇၅)ရုံ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်မဲပေးကြမည့် အသက်၆၀နှစ်နှင့် အထက် မဲဆန္ဒရှင်ဦးရေ (၁၀၁၄၄)ဦးရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)