မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေး အစဥ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက် ဧကများအတွက် ဖြစ်ထွန်းအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် ကျေးလက်လမ်း၊ အခြေခံပညာကျောင်းနှင့် ဆေးပေးခန်း တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ပြန်လည်တင်ပြသွားရန်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အပတ်စဥ် ဆောင်ရွက်သွားရန်၊ ဆွေးနွေးမှာကြားခဲ့ပြီး အတွင်းရေးမှူး ရဲမှူးမိုးစိန်က နယ်မြေအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသီဟဇော်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ရာ ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာဌာနများက နွေစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ စိုက်ပျိုးရေရရှိရေး၊ ကျေးလက်ဒေသများ မီးလင်းရေး၊ ကျေးရွာချင်း ဆက်လမ်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)