အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

အမာ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးရန်နိုင်လင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အတန်းတင်စာမေးပွဲများ ကျင်းပနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်မီးဝါယာကြိုးများ ရှော့မဖြစ်စေရေး၊ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေးနှင့် မီးလောင်/မီးလန့်မှုများ မဖြစ်ပေါ်စေရေး စသည့်  မီးဘေးလုံခြုံရေး အစီအမံများကို  အကြံပြု ဆွေးနွေး ပြောကြားပြီး  မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ စနစ်တကျ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေနှင့် တပ်ဆင်အသုံးပြုလျက်ရှိသော မီးကြိုးများ၊ မီးခလုတ်များ၊ မိန်းပလပ်ခုံများ၊ လုံခြုံစိတ်ချကောင်းမွန်မှု ရှိ/မရှိ အခြအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်အချက်များအား အကြံပြုဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို အမာမြို့၊ မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးရန်နိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းမှ စစ်ဆေးမှုကို လိုက်လံပြသ၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)