မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် မြစ်ရေဝင်ရောက်၍ တောင်သူစိုက်ခင်းများ ဆုံးရှုံး

ဖောင်းပြင် အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ယခုအောက်တိုဘာလအတွင်း ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်မြင့်တက်ခဲ့ခြင်းကြောင့် မြို့နယ်အတွင်း စပါး၊ ပဲနှင့် နှမ်းစိုက်ခင်းများ ရေဝင်နစ်မြုပ်ခဲ့ကာ တောင်သူစိုက်ခင်း များ ဆုံးရှုံးနစ်နာခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။

အဆိုပါ ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပတ်သက်၍  တောင်သူ ဦးချစ်ဆွေက “နှစ်စဉ်နှစ်တိုင်းကတော့ ဆောင်းသီးနှံကို အောက်တိုဘာလထဲမှာ စိုက်ပျိုးကြတာပါ။ ဒီနှစ်မှာတော့ မထင်မှတ်ပဲ မြစ်ရေလျှံလာတော့ တောင်သူတွေအနေနဲ့ အများကြီး နစ်နာကြတယ်လို့ သိရပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေကတော့ ပြန်လည် စိုက်ပျိုး မယ်ဆိုရင် မျိုးစေ့ကတော့ အခက်အခဲဖြစ်မှာပါ။ မျိုးစေ့ပိုလျှံတဲ့ တောင်သူတွေဆီမှသာ ရမှာဖြစ်ပါတယ်။ စပါးစိုက်တဲ့ တောင်သူတွေကတော့ ပိုပြီးနစ်နာကြပါတယ် စပါးနှံတွေထွက်ခါစမှာနစ် တော့ အကုန်ပျက်စီးတာ ပေါ့။ အခြားသီးနှံပြောင်းလဲ စိုက်ဖို့ဆိုရင် ဒေသနှင့်ကိုက်ညီနဲ့ သီးနှံမျိုးစေ့တွေ ပြန်ဝယ်ရမှာဖြစ်ပါတယ်” ဟု အခက်အခဲများကို ပြောကြားခဲ့သည်။

ထိုသို့ နစ်မြုပ်ခဲ့ခြင်းကြောင့် ထွန်ယက်စရိတ်၊ စိုက်စရိတ်နှင့် အခြားသွင်းအား စုထည့်ဝင်ကုန်ကျစရိတ်များ ဆုံးရှုံးခြင်းနှင့် ပြန်လည်စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးရာသီ နောက်ကျခြင်း၊ မျိုးစေ့အခက်အခဲများ ရှိခြင်း တို့ကြောင့် အဆင်မပြေမှုများရှိနေကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။ ထို့အပြင် ဆောင်းသီးနှံကို အားပြု စိုက်ပျိုးကြသည့် တောင်သူများ စိုက်ပျိုးပြီး ပဲနှင့် နှမ်းတို့ပျက်စီးဆုံးခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)